Carbon Brushes ( ကာဗွန်ဘရပ် များ )
Carbon Brushes ( ကာဗွန်ဘရပ် များ )
----------------------------------------------
Carbon Brush များကို လည်နေသောစက်ပစ္စည်းများတွင် လျှပ်စစ် ဖြတ်စီးစေရန် ကြားခံ အသုံးပြုကြပါတယ်။အများစုကတော့ မော်တာများ ဂျင်နရေတာများမှာပါရှိတဲ့ Commutator တွေ Slip Ring တွေမှာ လျှပ်စစ်ဖြတ်စီးဖို့ ထိစပ် အသုံးပြုကြပါတယ်။
ကာဗွန်ဘရပ်များ ပုံမှန် ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ဖို့ရန် အလွန် အရေးကြီးပါတယ်။သို့မဟုတ်လျှင် ကာဗွန်ဘရပ်နှင့် တွဲဆက်အသုံးပြုသည့် စက်ပစ္စည်းကိုထိခိုက်စေနိုင်ပါတယ်။ထို့ကြောင့်
ကာဗွန်ဘရပ်နှင့် မောင်းနှင်သည့် စက်များ ကောင်းမွန်စွာ ရှိနေစေရန် အတွက်
• အသုံးပြုသောစက်၏ Slip Ring (သို့) Commutator တို့၏ ကောင်းမွန်မှု
• ကာဗွန် ၊ Slip Ring နှင့် Commutator တို့၏ ပွတ်အား (ပွတ်အားများလျှင် ကာဗွန်ဘရပ် ပွန်းပဲ့လွယ် )
• စက်၏ တုန်ခါမှု
• ကာဗွန်တုံး အား Slip Ring နှင့် Commutator တို့နှင့် ထိနေစေရန်
စပရိန်ဖြင့် ဖိထားရသောအား
• ကာဗွန်တုံး အထိုင်များ စသည့် အချက်များကို ဂရုစိုက်ရမှာဖြစ်သလို ကောင်းမွန်နေစေဖို့လည်း လိုပါတယ်။
ထို့ပြင် သင့်တော်သော ကာဗွန်ဘရပ် ရွေးချယ်နိုင်ရန်အတွက် ကာဗွန်ဘရပ်၏ -
• Voltage Drop (or) Contact Drop
• Current Density နှင့် လျှပ်စီး သယ်ဆောင်နိုင်မှု
• လျှပ်စစ်စီးဆင်းမှုကို တားဆီးခြင်း ( သို့ ) ခုခံမှု
တို့ကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။
Voltage Drop (or) Contact Drop
-------------------------------------------
Voltage Drop (or) Contact Drop ဆိုတာကတော့ ကာဗွန်တုံး၏ ခုခံမှု Slip-Ring , Commutator တို့၏ ခုခံမှုနှင့် အခြားခုခံမှုများကြောင့် ကာဗွန်မျက်နှာပြင်များတွင် ဗို့အားကျဆင်းမှု ကိုဆိုလိုပါတယ်။
Contact Drop များလျှင် အပူများစွာထွက်ပါတယ်။အပူများစွာထွက်ခြင်းဟာ ကာဗွန်ဘရပ် ၊ Slip-Ring ၊ Commutator တို့၏ မျက်နှာပြင်များကို ပျက်စီးစေသလို Commutation နှင့် လျှပ်စစ်စီးခြင်းကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ထို့ကြောင့် Voltage Drop ကို အလယ်လတ်အဆင့်ခန့်သာ ရှိစေသင့်ပါတယ်။ကာဗွန်ဘရပ်ရဲ့ Contact Drop ဟာ အာမေချာရဲ့ခုခံမှုထက် များရပါတယ်။မဟုတ်လျှင်ကာဗွန်ဘရပ် ပေါ်မှာပဲ လျှပ်စီး များစွာစီးခြင်းဖြစ်စေပါတယ်။
Commutation ဆိုတာ DC ဗို့ဖြင့် သုံးတဲ့စက်တွေမှာ အာမေချာမှ လျှပ်စီးကို ဦးတည်ချက်ပြောင်းပေးတဲ့ လုပ်ငန်းစဉ် ကိုခေါ်ဆိုတာ ဖြစ်ပါတယ်။
Commutation ကိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အတွက် မှန်ကန်သော ကာဗွန်ဘရပ် ကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။သို့မဟုတ်လျှင် မီးပွားထွက်ခြင်း Commutator ကြေးဘားစိတ်များပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။
Current Density
---------------------
Current Density ဆိုတာကာဗွန်ဘရပ်၏ ၁ လက်မ ပါတ်လည် မျက်နှာပြင်တွင် စီးနိုင်သည့် လျှပ်စီး ကိုတိုင်းတာခြင်းဖြစ်ပါတယ်။ယူနစ်ကတော့ A/in² (အင်ပီယာ/တစ်စတုရန်းလက်မ) ပါ။
ဥပမာ အားဖြင့် အာမေချာအတွင်းသို့ ကာဗွန်မှ ဖြတ်စီးသည့် လျှပ်စီးကို အသုံးပြုထားသော ကာဗွန်အရေအတွက်ဖြင့် စားခြင်းဖြင့် Current Density ကို တွက်ချက် နိုင်ပါတယ်။
Current Density နည်းလျှင် ကာဗွန်ဘရပ်များ ပျက်စီးလွယ်ပါတယ်။ထို့ကြောင့် နဂိုစက်မှာပါဝင်တဲ့ကာဗွန်တုံးအရေအတွက်ကို လျော့ချပြီး မသုံးသင့်ပါဘူး။
လျှပ်စစ်စီးဆင်းမှုကို တားဆီးခြင်း ( သို့ ) ခုခံမှု (Resistivity)
--------------------------------------------------------------------
ခုခံမှုများတဲ့ ကာဗွန်ဘရပ်များဟာ commutation လုပ်ဆောင်မှုမှာ ပိုမိုကောင်းမွန်စေပါတယ်။ဝေဖာ ပုံစံ ၂ ထပ် ၃ ထပ် ကပ်ထားသော ကာဗွန်ဘရပ်များ ၊ အမျိုးစားမတူသော ကာဗွန်တုံးနှစ်ခုကို ကပ်ထားသော ကာဗွန်ဘရပ် များ ၊ဆန်းဝှစ် (Sandwich) ပုံစံ ကာဗွန်ဘရပ်တွေဟာ ခုခံမှုများတာကြောင့် commutation လုပ်ဆောင်မှုမှာ ပိုမိုကောင်းမွန်စေပါတယ်။
ထို့အပြင် အခြားအချက်တွေကတော့ >>>>>
Commutator များ Slip-Ring များ နှင့် ကာဗွန်ဘရပ် များတွင် အမှုန်အမွှားနှင့်ဖုန်မှုန့်များကင်းစင်ဖို့ လိုအပ်ပါတယ်။ကလိုရင်း ၊ အမ်ိုးနီးယား ၊ ဆာလဖာဒိုင်အောက်ဆိုက် နှင့် ဟိုက်ဒရိုဂျင်ဆာလဖာ များဟာCommutator မျက်နှာပြင်ကို ထိခိုက်စေလို့ သန့်သန့်ရှင်းရှင်းရှိဖို့ လိုအပ်ပါတယ်။
>> ကာဗွန်ဘရပ် အတန်းအစားများ <<
-------------------------------------------------
ကာဗွန်ဘရပ် ကို ထုတ်လုပ်သည့်နည်းစနစ်နှင့် ကာဗွန်ဘရပ်ဖြစ်လာစေရန် ပေါင်းစပ်သည့် ပစ္စည်းများပေါ်မူတည် ပြီးအတန်းအစား များစွာရှိပါတယ်။
အခြေခံအကျဆုံး အဓိက အတန်းအစား ( Grade )( ၅ ) မျိုးခွဲနိုင်ပါတယ်။
( 1 ) Carbographitic Brushes
( 2 ) Electrographitic Brushes
( 3 ) Soft Graphite Brushes ( LFC - Low Friction Coefficient )
( 4 ) Resin-Bonded Brushes (Bakelite Graphite)
( 5 ) Metal Graphite Brushes (CG,MG, or CA )
Carbographitic Brushes
------------------------------
Carbographitic Brushes ကို Coke နှင့် ဂရပ်ဖိုက်ကို အပူခံနိုင်သော Thermosetting Resin များဖြင့်ရောပြီး အပူပေးမီးဖုတ်ခြင်းဖြင့် ပြုလုပ်ရရှိပါတယ်။
//*
Coke ဆိုတာကတော့ ကာဗွန်ကို အပူချိန် ၁၀၀၀ ဒီဂရီကျော်ပေး၍ ဓါတ် ေငွ့များ၊ရေများနှင့် အခြားပါဝင်သည့်အရာများကို ဖယ်ထုတ်ခြင်းဖြင့် ရရှိတဲ့အရာပါ။
ဂရပ်ဖိုက် ဆိုတာ မြန်မာလို ခဲနက်လို့ အဘိဓ္ဓာန်မှာ ဖွင့်ပါတယ်။ဂရပ်ဖိုက်ဟာ စံသတ်မှတ်ထားတဲ့အပူချိန်နဲ့ဖိအားမှာ တည်ငြိမ်တဲ့ ကာဗွန်တည်ဆောက်မှု ပုံစံ ရှိလို့ကာဗွန်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဒြပ်ရောတွေကို နှိုင်းယှဉ်ရန် စံအဖြစ်သုံးကြပါတယ်။
Thermosetting Resin ဆိုတာကတော့ အပူပေးလိုက်လျှင်မာကျောတဲ့ ဒြပ်သတ္တိရှိတဲ့ ပစ္စည်းများဖြစ်ပါတယ်။၄င်းမာကျောလာသော ပစ္စည်းများကို နောက်တကြိမ် အပူထပ်မံပေးသော်လည်း ပျော်ကျမသွားတဲ့ ( မူလ အခြေနေကို ပြန်မပြောင်းနိုင်သော ) အရာမျိုးဖြစ်ပါတယ်။
//*
ဒီအမျိုးအစားဟာ ခုခံမှုမြင့်သောကြောင့် Commutation လုပ်ဆောင်မှုမှာ ကောင်းမွန်ပါတယ်။DC မော်တာတွေအတွက်ကောင်းပါတယ်။
Electrographitic Brushes အမျိုးအစားကဲ့သို့ ဖန်တီးထားတဲ့ဂရပ်ဖိုက်အဆင့်အထိ ဖြစ်အောင် မလုပ်ထားပါဘူး။
အဓိက အသုံးပြုသည့် နေရာများ-
• ဗို့အားနိမ့်နှင့် လည်နှုန်းနည်းသည့် စက်များတွင် အသုံးပြုကြပါတယ်။
• Servo မော်တာများ Permanent Magnet မော်တာများ Universal မော်တာများ တွင်သုံး
• ဗို့အားနည်း ဘက္ကထရီနှင့် ချိတ်သုံးသည့် မော်တာများတွင် လည်းအသုံးပြု ကြပါတယ်။
Electrographitic (EG)
----------------------------
Electrographitic ဆိုတာဟာလည်း ကာဗွန်ဓါတ်ပါသော ဂရပ်ဖိုက်အမျိုးအစားဖြစ်ပြီး အပူချိန် 2,500°C အပူပေးကာ ဖန်တီးထားတဲ့ ဂရပ်ဖိုက် အမျိုးအစားပဲဖြစ်ပါတယ်။
သဘာဝ ဂရပ်ဖိုက် မဟုတ်ဘဲ ဖန်တီးထားတဲ့ ဂရပ်ဖိုက်ဖြစ်ပါတယ်။
Contact Drop က အလယ်အလတ်အဆင့်ရှိ ပြီး friction coefficient(ပွတ်အားကြောင့် ဖြစ်သောခုခံမှု) အနည်းငယ်မှ အလယ်အလတ်အဆင့်ရှိ ပါတယ်။ ထို့ကြောင့် လျှပ်စစ်ဆုံးရှုံးမှုနည်းပြီး လည်နှုန်း တစက္ကန့် မီတာ ၅၀ ထက် နည်းသည့်စက်များတွင် အသုံးပြုရန်သင့်တော် ပါတယ်။Friction coefficient နည်းမှ ကာဗွန်ဘရပ် အတွက် ကောင်းပါတယ်၊ မဟုတ်လျှင် ပွတ်အားကြောင့် အပုများစွာထွက်စေပါတယ်။
အဓိက အသုံးပြုသည့် နေရာများ-
• အများအားဖြင့် DC motor များတွင်အသုံးပြုကြပါတယ်။ဗို့အားနိမ့် မှ ဗို့အားမြင့် ပစ္စည်းတွေအထိ အသုံးပြုနိုင် ပါတယ်။
• Slip Ring ပါသော မော်တာများတွင်လည်း အနည်းငယ် အသုံးပြုကြပါတယ်။
Soft Graphite Brushes
-------------------------------
Soft Graphite Brushes ကို သဘာဝ ဂရပ်ဖိုက် နှင့် ဖန်တီးပြုလုပ်ထားသော ဂရပ်ဖိုက်တို့ကို အခြားအရာများနှင့် ပေါင်းစပ်ထုတ်လုပ်ကာ အပူပေးပြီး ကာဗွန်တုံးဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ဒီအမျိုးအစားဟာ တုန်ခါမှုကြောင့် ဖြစ်ပေါ်တဲ့ ရုတ်တရက် တွန်းစောင့် ချက်များကို ခံနိုင်ရည်ရှိပါတယ်။ထို့ကြောင့် လည်နှုန်းများပြီး တုန်ခါမှုရှိသည့် စက်များတွင်သုံးကြပါတယ်။
အဓိက အသုံးပြုသည့် နေရာများ-
• စတီး ဖြင့်ပြုလုပ်ထားသော slip ring များတွင်သုံးကြပါတယ်။
Resin-Bonded Brushes (Bakelite Graphite - BG)
--------------------------------------------------------------
သဘာဝ ဂရပ်ဖိုက် ( သို့ ) ဖန်တီးပြုလုပ်ထားသော ဂရပ်ဖိုက်များကို အပူခံနိုင်သော Thermosetting Resin များ ဖြင့်ရောပြီး ပုံသွင်း ဖိသိပ်ကာ အပူချိန် တခုတွင် ပိုလီမာကဲ့သို့ ပြုလုပ်ပါတယ်။ခုခံမှုများပြီး Contact Drop မြင့်မားစွာရှိသောကြောင့် Commutation အတွက်ကောင်းမွန်ပါတယ်။Current Density အလွန်နည်းတဲ့ အမျိုးစားဖြစ်ပါတယ်။ဒါကြောင့် ပုံမှန်မော်တာလေးတွေမှာပဲသုံးနိုင်ပါတယ်။
အဓိက အသုံးပြုသည့် နေရာများ
• AC Schrage-type commutator motors အမျိုးအစားများ
• အလယ်အလတ်အဆင့်ရှိ ဗို့အားဖြင့် ပုံမှန်လည်နှုန်းရှိသော DC မော်တာများ မှာသုံးကြပါတယ်။
Resin-bonded grades မှာ ကန့်သတ်ချက်တွေကတော့
• သတ်မှတ် current ထက်ပို မသုံးသင့်
• အမြင့်ဆုံး ရည်ညွှန်း လည်နှုန်း => တစက္ကန့်လျှင် ၄၀ မီတာ
Metal Graphite Brushes (CG,MG, or CA )
-------------------------------------------------
သဘာဝ ဂရပ်ဖိုက် ( သို့ ) ဖန်တီးထားသော ဂရပ်ဖိုက်များကို အပူခံနိုင်သောThermosetting Resin များ ၊ ကြေးနီမှုန့်များ နှင့် အခြားသတ္တုအမှုန့်များဖြင့်ရောစပ်ပြီး ပုံသွင်းဖိသိပ်ကာ အပူချိန် တခုတွင် မာကျောအောင် ပြုလုပ်ခြင်းဖြင့် ရရှိပါတယ်။သိပ်သည်းမှုများသော ကာဗွန်ဘရပ် ဖြစ်သောကြောင့် friction နည်း ၊ contact drop နည်းပြီး လျှပ်စစ်ဆုံးရှုံးမှုနည်းကာ Current များများစီးနိုင်ပါတယ် ။
အသုံးများတဲ့ Metal Graphite Brushes မျိုးနွယ်ဝင်များကတော့ -
ကြေးနီအသုံးပြု ဘရပ် >> Copper-based brush(CG)
ငွေအသုံးပြု ဘရပ် >> Silver-based brush grades(CA/SG)တို့ဖြစ်ပါတယ်။
Copper-based brush ကို =>
• လည်နှုန်းနည်း ဗို့အားနည်း DC စက်များ
• လည်နှုန်းအသင့်သင့်ရှိပြီး ဝန်များသော AC ညှို့မော်တာများ
( လေအားဖြင့် လျှပ်စစ်ထုတ်ဂျင်နရေတာများ )
• လည်နှုန်းအသင့်သင့်ရှိသော Slip-Ring အမျိုးအစား AC ဆိုင်ကရိုနပ်မော်တာများ မှာသုံးကြပါတယ်။
Silver-based brush
-------------------------
Silver Grade သည် Silver Oxide ပါဝင်မှုကြောင့် ခုခံမှုနည်းကာ ကြေးနီအသုံးပြု ဘရပ်ထက် လျှပ်ကူးမှုပိုကောင်းပါတယ်။
Silver-based brush ကို =>
• ရေဒါ ကဲ့သို့ စက်ပစ္စည်းများ
• တက်ကို ဂျင်နရေတာများ
• လေယာဉ် နှင့် အာကာသသုံး ဆိုင်ရာလုပ်ငန်းများ
• Frequency Drive သုံးသော မော်တာများတွင် ကြုံတွေ့ရသည့် လျှပ်သိုဗို့အားကြောင့် မော်တာ၏ Bearing(ဘယ်ရာရင်) ထိခိုက်ခြင်းကို ကာကွယ်ပေးသည့် Shaft grounding ပစ္စည်းများ မှာသုံးကြပါတယ်။
ကာဗွန်ဘရပ်များကို လွယ်ကူစွာ အမျိုးအစားခွဲခြားနိုင်ဖို့ စံသတ်မှတ်ထားတာမတွေ့ရပါဘူး။ထုတ်လုပ်သည့် ကုမ္ပဏီများမှ ၄င်းတို့ ကိုယ်ပိုင်သတ်မှတ်ချက်ဖြင့်သာ ရိုက်နှိပ်ဖော်ပြကြပါတယ်။
Credit - original uploader
Comments
Post a Comment