လျှပ်စစ်ဥပဒေ

 လျှပ်စစ်ဥပဒေ 








မျှဝေသူ FB သို့ သွားမည်

( ၂၀၁၄ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄။ )

၁၃၇၆ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၅ ရက်

(  ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၂၇ရက်  )

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

 *ဤဥပဒေတွင် အခန်းစုစုပေါင်း ၁၆ခန်းထဲမှ လျှပ်စစ်လုပ်သားများနှင့် တိုက်ရိုက်သက်ဆိုင်သည်ထင်သော အခန်း(အခန်း၁၁မှ ၁၆) များကိုသာ ရေးသား ​ေဖာ်ပြပေးလိုက်ပါသည်


အခန်း(၁၁)

ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ၏ အရေးယူပိုင်ခွင့်

၄၃။    ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည် ခွင့်ပြုမိန့်ရရှိသူက ခွင့်ပြုမိန့်ပါစည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာက ထုတ်ပြန်သောအမိန့် သို့မဟုတ်ညွှန်ကြားချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်လျှင်ဖြစ်စေ ၊ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူကိုအောက်ပါအရေးယူမှုတစ်ရပ်ရပ်ကိုချမှတ်နိုင်သည် -

                              (က)     ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း။

                             (ခ)       ခွင့်ပြုမိန့်ကိုကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းသို့မဟုတ်ပယ်ဖျက်ခြင်း။


အခန်း(၁၂)

တားမြစ်ချက်များ

၄၄။    မည်သူမျှခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၄၅။    ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ပါလုပ်ငန်းမှအပ အခြားမည်သည့်လျှပ်စစ်ဆိုင်ရာ လုပ်ငန်း ကိုမျှလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

၄၆။    မည်သူမျှလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်မရရှိဘဲ လျှပ်စစ်တပ်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခြင်းမပြုရ။

၄၇။    မည်သူမျှလျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်မရရှိဘဲ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဆက်သွယ်အသုံးပြုခြင်းမပြုရ။

၄၈။    မည်သူမျှသတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာ များကို ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုရ။

၄၉။    ခွင့်ပြုမိန့်ရရှိသူမည်သူမျှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရရှိဘဲ အခြား မည်သည့်အဖွဲ့အစည်းနှင့်မဆိုလျှပ်စစ်ဆိုင်ရာလုပ်ငန်းများကိုပူးတွဲဆောင်ရွက်ခြင်းမပြုရ။

၅၀။    ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကိုဖြစ်စေ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်းမပြုရ။

၅၁။    မည်သူမျှလျှပ်စစ်ဓာတ်အားလိုင်းနယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်းနှင့်အခြားတစ်နည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုရ။

၅၂။    ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှလျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်းမပြုရ။

၅၃။    မည်သူမျှလျှပ်စီးကြောင်းလွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့်လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင်အသုံးပြုသည့်လျှပ်စစ်ပစ္စည်းကိရိယာများကိုဖျက်ဆီးခြင်းမပြုရ။

အခန်း (၁၃)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၅၄။      မည်သူမဆို ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။

၅၅။       ခွင့်ပြုမိန့်ရရှိသူမည်သူမဆို ပုဒ်မ ၄၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။

၅၆။    မည်သူမဆို ပုဒ်မ ၄၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်ငါးသောင်းမှအများဆုံးကျပ်သုံးသိန်းအထိငွေဒဏ်ချမှတ်ရမည်။

၅၇။    မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်ထိုသူကို အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ် ချမှတ်ရမည်။

၅၈။    မည်သူမဆို ပုဒ်မ ၄၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်းသုံးဆယ်အောက်မလျော့သည့် ငွေဒဏ်ချမှတ်ရမည်။ ပြစ်မှုနှင့်သက်ဆိုင်သောပစ္စည်းများကို ဖျက်ဆီးရမည်။

၅၉။    ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၄၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ် ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၀။    ခွင့်ပြုမိန့်ရရှိသူမည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ် ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။

၆၁။   မည်သူမဆို ပုဒ်မ ၅၁ ပါ တားမြစ်ချက်ကို  ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ် ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၂။       မည်သူမဆို ပုဒ်မ ၅၂ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုနှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၃။ မည်သူမဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။

၆၄။    မည်သူမဆို ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အားပေး ကူညီကြောင်း သို့မဟုတ် ကျူးလွန်ရန်ပူးပေါင်းကြံစည်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသက်ဆိုင်ရာပြစ်မှုပါ ပြစ်ဒဏ် အတိုင်းချမှတ်ရမည်။

အခန်း(၁၄)

နစ်နာကြေး၊လျော်ကြေး

၆၅။    ပုဒ်မ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂ နှင့် ၆၃ တို့ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူ သည် မိမိ၏ ကျူးလွန်မှုကြောင့် ခွင့်ပြုမိန့်ရရှိသူတွင် ထိခိုက်ဆုံးရှုံးမှု တစ်စုံတစ်ရာပေါ်ပေါက်ပါက ယင်းထိခိုက်ဆုံးရှုံးသည့် တန်ဖိုးအတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက် ထားသည့် နစ်နာကြေးကိုပေးလျော်ရမည်။

၆၆။   ပုဒ်မ ၆၅ အရ သတ်မှတ်သည့် နစ်နာကြေးကို သတ်မှတ်ချက်များအနှင့်အညီ ကောက်ခံခွင့် ရှိစေရမည်။

၆၇။    မည်သူမဆို ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုကို ပြတ်တောက်စေရန်ပြုလုပ်ပါက နစ်နာဆုံးရှုံးသည့် ဓာတ်အားပမာဏနှင့်ညီမျှသောတန်ဖိုးကိုဝန်ကြီးဌာနကသတ်မှတ်သည့်နည်းလမ်းအတိုင်းတွက်ချက်၍နစ်နာကြေးအဖြစ်ပေးဆောင်စေရမည်။

၆၈။       ခွင့်ပြုမိန့်ရရှိသူသို့မဟုတ် ယင်းကတာဝန်ပေးအပ်ထားသူ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ တာဝန်ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ ဓာတ်လိုက်မှု၊ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးတစ်ယောက် ထိခိုက် ဒဏ်ရာရလျှင် သို့မဟုတ် မသန်မစွမ်းဖြစ်လျှင် သို့မဟုတ် သေဆုံးလျှင် ထိခိုက်နစ်နာသူသည် ခွင့်ပြုမိန့် ရရှိသူထံမှ လျော်ကြေးကိုအောက်ပါအတိုင်း တောင်းခံခွင့်ရှိစေရမည်-

          (က)     ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူ ဖြစ်ပါက ယင်းဥပဒေအရ သတ်မှတ်ထားသော လျော်ကြေး။

          (ခ)      ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူ မဟုတ်ပါက ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများကသတ်မှတ်သောလျော်ကြေး။


အခန်း (၁၅)

အယူခံခြင်း

၆၉။    ပုဒ်မ ၆၅၊ ၆၆ နှင့် ၆၇ တို့အရ ချမှတ်သည့် နစ်နာကြေးသို့မဟုတ် လျော်ကြေးပေးဆောင် ရန်အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အမိန့်ကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။

၇၀။    ပုဒ်မ ၆၉ အရ အယူခံမှုတွင် ဝန်ကြီးသည် အမိန့်ကိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အတည်ပြု ခြင်းတို့ပြုနိုင်သည်

အခန်း (၁၆)

အထွေထွေ

၇၁။    ဤဥပဒေပါပြစ်မှုများကိုရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ်သတ်မှတ်သည်။

၇၂။    ဤဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် -

          (က)     ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

          ( ခ )    ဝန်ကြီးဌာန၊ ကော်မရှင်နှင့်ဝန်ကြီးဌာနက တာဝန်ပေးအပ်သော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းအသီးသီးတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၇၃။    ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥပဒေနှင့် လျှပ်စစ်ဥပဒေ (၁၉၈၄ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် ၇) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။

၇၄။    လျှပ်စစ်ဥပဒေ( ၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၇) ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

Comments

Popular posts from this blog

Pump Size တွက်နည်

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း